အမေရိကန်ရောက် မြန်မာများအတွက် ၂၀၂၆ Federal Income Tax အပြောင်းအလဲနှင့် အခွန်သက်သာခွင့်များ
===================
၂၀၂၆ အခွန်နှစ်အတွက် အမေရိကန် IRS က Standard Deduction နဲ့ အခွန်နှုန်းထားတွေကို သတ်မှတ်ပေးထားသလို အချိန်ပိုလုပ်ခ (OT)၊ Tips၊ ကားချေးငွေအတိုးနဲ့ အသက် ၆၅ နှစ်အထက်သူတွေအတွက် အခွန်နှုတ်ပယ်ခွင့်အသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဆိုပါ အပြောင်းအလဲတွေဟာ အခွန်ဆောင်ရမယ့် ဝင်ငွေပမာဏကို လျှော့ချနိုင်တဲ့ Deduction တွေ ဖြစ်ပါတယ်။
၂၀၂၆ အတွက် Standard Deduction ကတော့ Single သို့မဟုတ် Married Filing Separately အတွက် ဒေါ်လာ ၁၆,၁၀၀၊ Married Filing Jointly အတွက် ဒေါ်လာ ၃၂,၂၀၀ နဲ့ Head of Household အတွက် ဒေါ်လာ ၂၄,၁၅၀ သတ်မှတ်ထားပါတယ်။
အချိန်ပိုလုပ်ခ (Qualified Overtime Compensation) ရရှိသူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီပါက တစ်နှစ်ကို ဒေါ်လာ ၁၂,၅၀၀ အထိ Deduction ရနိုင်ပြီး Married Filing Jointly ဖြစ်ရင် ဒေါ်လာ ၂၅,၀၀၀ အထိ ရနိုင်ပါတယ်။ ဒါပေမယ့် အချိန်ပိုလုပ်ခရဲ့ အပိုဆောင်းပေးချေတဲ့ အပိုင်းသာ သတ်မှတ်ချက်အရ Deduction ရနိုင်တာဖြစ်ပြီး OT လုပ်ခအားလုံးကို အခွန်ကင်းလွတ်တာ မဟုတ်ပါဘူး။
Tips ရရှိတဲ့ အလုပ်သမားတွေအတွက်လည်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ Qualified Tips ကို တစ်နှစ်လျှင် ဒေါ်လာ ၂၅,၀၀၀ အထိ Deduction ရနိုင်ပါတယ်။ ဒီ Deduction ဟာ ဝင်ငွေမြင့်လာရင် တဖြည်းဖြည်း လျော့နည်းသွားနိုင်ပြီး သတ်မှတ်ထားတဲ့ အလုပ်အကိုင်နဲ့ Tips ရရှိမှုဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ပြည့်မီရမှာ ဖြစ်ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် အခွန်ဆောင်သူတွေအတွက်လည်း အပိုဆောင်း ဒေါ်လာ ၆,၀၀၀ Deduction ရရှိနိုင်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးစလုံး သတ်မှတ်ချက်နဲ့ ကိုက်ညီပါက စုစုပေါင်း ဒေါ်လာ ၁၂,၀၀၀ အထိ ရနိုင်ပါတယ်။ သို့သော် ဝင်ငွေအပေါ် မူတည်ပြီး ဒီ Deduction လျော့နည်းသွားနိုင်ပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်အသုံးပြု မော်တော်ယာဉ်အတွက် ချေးငွေအတိုးပေးဆောင်ထားသူတွေလည်း တစ်နှစ်ကို ကားချေးငွေအတိုး ဒေါ်လာ ၁၀,၀၀၀ အထိ Deduction ရနိုင်ပါတယ်။
၂၀၂၆ ခုနှစ် Federal Income Tax ရဲ့ အခွန်နှုန်းထားတွေကတော့ 10% ကနေ 37% အထိ အဆင့် ၇ ဆင့် ရှိပါတယ်။ Single filer အတွက် 37% အမြင့်ဆုံးအခွန်နှုန်းထားက အခွန်တွက်ဝင်ငွေ ဒေါ်လာ ၆၄၀,၆၀၀ ကျော်တဲ့အပိုင်းမှာ သက်ရောက်ပြီး Married Filing Jointly အတွက်တော့ ဒေါ်လာ ၇၆၈,၇၀၀ ကျော်တဲ့အပိုင်းမှာ သက်ရောက်ပါတယ်။
ဒါ့အပြင် ကလေးအတွက် Child Tax Credit နဲ့ ဝင်ငွေနည်းသူတွေအတွက် Earned Income Tax Credit (EITC) လို ရှိပြီးသား အခွန်သက်သာခွင့်တွေလည်း ဆက်လက်ရှိနေပါတယ်။ ၂၀၂၆ အခွန်နှစ်အတွက် ကလေး ၃ ဦးနဲ့အထက် သတ်မှတ်ချက်ပြည့်မီသူတွေရဲ့ EITC အများဆုံးပမာဏက ဒေါ်လာ ၈,၂၃၁ ဖြစ်ပါတယ်။
၂၀၂၆ အခွန်နှစ်အတွက် အခွန်ကြေညာလွှာကို ၂၀၂၇ ခုနှစ်အတွင်း IRS ထံ တင်သွင်းရမှာ ဖြစ်ပါတယ်။ အထက်ပါ Deduction တွေမှာ ဝင်ငွေကန့်သတ်ချက်နဲ့ အရည်အချင်းသတ်မှတ်ချက်တွေ ရှိတာကြောင့် လူတိုင်း အလိုအလျောက် ရရှိမယ်လို့ မဆိုနိုင်ပါဘူး။
@TheBurmeseAmerican
#USATax #FederalIncomeTax #TaxUpdate #IRS #Tax2026 #OvertimeDeduction #TipDeduction #ChildTaxCredit #EITC #USNews #TheBurmeseAmerican